နာဂရိုးရာနှစ်သစ်ကူးပွဲ လဟယ်မြို့တွင် ကျင်းပ

(၂၀၂၀)ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနား ဇန်နဝါရီ(၁၅)ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ ကျင်းပခဲ့ပါတယ်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပတာ ဟာ ကုန်လွန်ခဲ့တဲ့နှစ်က အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်ဖို့နဲ့ နှစ်သစ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကောင်းမွန်တဲ့ စီမံချက်တွေ ချမှတ်ပြီး ဖြေရှင်းနိုင်ဖို့ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှစ်သစ်မှာ စိုက်ပျိုးသီးနှံဖြစ်ထွန်း အောင်မြင်ကြစေဖို့၊ ကျန်းမာရေး ကောင်းမွန်ကြစေဖို့ ဆုတောင်း ပေးတာတွေလည်း ပြုလုပ်ကြတယ်လို့ သိရပါတယ်။

အခုနှစ် ကျင်းပတဲ့ နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပါတယ်။ နာဂဒေသ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် လတ်တလော ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ရေရှည်ရည်မှန်းချက်ရေးဆွဲပြီး ဆောင်ရွက်ရမယ့်အပိုင်းဆိုပြီး အပိုင်း(၂)ပိုင်းရှိသလို

လက်ရှိအနေအထားထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့တွေ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်က နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွေကို  အရင်က ကျေးရွာတွေအလိုက် ကျင်းပခဲ့ကြတာဖြစ်ပြီး ၁၉၅၆-၁၉၅၇ ၀န်းကျင်မှာ မြို့နယ်အဆင့်၊ ၁၉၉၀ ဝန်းကျင်မှာတော့ မျိုးနွယ်စုတစ်ခုလုံးရဲ့ ပွဲတော်အဖြစ် စတင်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်မှာတော့ နာဂရိုးရာနှစ်သစ်ကူးပွဲအခမ်းအနားပြုလုပ်ပြီး နှစ်သစ်ကူးပွဲတော်ရဲ့မုဒ်ဦးဖွင့်ပွဲနဲ့ ရိုးရာတံခွန်တိုင် စိုက်ထူတာတွေ၊ မျိုးနွယ်စုတွေ အလိုက် ရိုးရာနတ်တိုင်ထူထောင်တာတွေကိုတော့ ဇန်နဝါရီ (၁၄)ရက်က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နာဂရိုးရာ နှစ်သစ်ကူးပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအဆင့်၀န်ကြီးတွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့၀င်တွေ၊ တိုင်းဒေသကြီအစိုးအဖွဲ့ဝင် ဝန်ကြီးတွေ ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ဒေသခံမျိုးနွယ်စုတွေ တက်ရောက်ခဲ့ကြပါတယ်။သတင်း – အောင်ကျော်ညွန့်