ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော်တဲ့ ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဖို့သမ္မတထံ ခွင့်ပြုမိန့်တောင်း

ကလေးငယ် ဗစ်တိုးရီးယားနဲ့မိဘဖြစ်သူတွေရဲ့ နာမည်တွေကို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် တရားစွဲဆိုနိုင်ဖို့ မြန်မာနိုင်ငံလွပ်လပ်သောရှေ့နေများအသင်း (ILAM)က ဇန်နဝါရီ (၁၄) ရက်က နိုင်ငံတော်သမ္မတဆီကို တရားစွဲမိန့် တင်ပြတောင်းခံခဲ့တယ်လို့(ILAM) ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။  ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ၁၉၇/၁အရ တရားစွဲဆိုနိုင်ဖို့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံတော်သမ္မတရဲ့ တရားစွဲမိန့်ခွင့်ပြုချက် လိုအပ်တာကြောင့် အခုလို တင်ပြ တောင်းခံတာလို့ ဆိုပါတယ်။

“တရားစွဲမိန့်တောင်းတာပါ။ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး လက်မှတ်ထိုးပြီးတင်တာ။ ကလေးမလေးအတွက် ဆောင်ရွက်ဖို့ ကိုယ်စားလှယ်လွှဲစာ ရရှိထားတဲ့အပေါ် ဆောင်ရွက်တာပါ။ တရားမကြောင်းအရ သွားမယ်ဆိုရင်လည်း ကြိုတင်ပြီးတော့ လုပ်ရတာတွေ ရှိတယ်။ သာမန်အရပ်သားတွေလို မဟုတ်ဘူးပေါ့ဗျာ” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။တရားစွဲဆိုနိုင်ရေးအတွက် ဗစ်တိုးရီးယားရဲ့မိဘတွေက စာရေးဆရာထင်လင်းဦးကို ကိုယ်စားလှယ်လွှဲစာပေးအပ်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဆရာထင်လင်းဦးက တစ်ဆင့် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းကို ထပ်မံလွှဲအပ်ခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရတဲ့ ကိစ္စမှာ ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဖမ်းဆီး တရားစွဲဆိုခဲ့တဲ့ ကိုအောင်ကျော်မျိုး(ခ) ကိုအောင်ကြီးကို ဒက္ခိဏခရိုင် တရားရုံးက ရုံးချိန်း(၁၃)ကြိမ် ခေါ်ယူစစ်ဆေးခဲ့ပြီး ကနဦးသက်သေခံချက် မပေါ်ပေါက်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးပုဒ်မ၂၅၃(၂)အရ တရားရှင်လွှတ်ပေးခဲ့ ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး  ကာယကံရှင် နဲ့ မိဘတွေရဲ့ နာမည်တွေကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်း – ငြိမ်းချမ်းအောင်