လွတ်လပ်ရေးရပြီး မြန်မာ့ပထမဆုံး စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအုတ်ဂူကို ကာချုပ်ပထမဆုံးအကြိမ်သွားရောက်ဂါဝရပြု

ဖေဖော်ဝါရီ(၁၄)ရက်၊ ၂၀၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမှာရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းရဲ့အုတ်ဂူကို ဗိုလ်ချုပ်မှူးကြီးအောင်လှိုင် ဒီနေ့သွားရောက်ဂါဝရပြုခဲ့ပါတယ်”အဓိကကတော့ ပထမဆုံး မြန်မာ့တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ မင်္ဂလာတရားတော်နဲ့အညီဂါရဝါတော့စ နိဝါတောစဆိုတဲ့ မင်္ဂလာတရားတော်ရှိပါတယ်။ ဂါရဝပြုသင့်တဲ့သူတွေကို ဂါရဝပြုတာ ဖြစ်ပါတယ်။ သူက တပ်မတော်ကို သူ့ခေတ်သူ့အခါနဲ့ တာဝန်ယူခဲ့ တည်ဆောက်ခဲ့တဲ့သူဖြစ်ပါတယ်။”လို့တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက O Media ကို ပြောပါတယ်။

ဒါဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုံးအကြိမ်သွားရောက် ဂါဝရပြုခဲ့တာလို့လည်း သူကပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်ကြီးစမစ်ဒွန်းရဲ့မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး လက်ဆောင် ပစ္စည်းတွေလည်း ပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ဗိုလ်ချုပ်ကြီးစမစ်ဒွန်းဟာ ကရင်တိုင်းရင်းသားဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီးတဲ့နောက် ပထမ ဆုံးကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၄၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်း သားတစ်ယောက်ဖြစ်ခဲ့ပြီး သင်တန်းမှာ အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြုခံရသူဖြစ်သလို ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျား တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်မှာတော့ ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်ကြတဲ့အချိန် ဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို သူ့ရဲ့ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေကနေ ရပ်ဆိုင်းခံခဲ့ရပြီး ၁၉၇၉ ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးစမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ်၊ ကလောမြို့မှာ နေထိုင်ပြီး ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့သလို မကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ကိုရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီး တစ်နှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှအစီအစဉ်နဲ့ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။credit: Omedia