သာ/ယဉ်ဝန်ကြီး ပြောကြားချက်အပေါ် အရေးယူပေးရန် တပ်မတော်ပြော

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး) အဖွဲ့၏ ပဉ္စမအကြိမ်မြောက် စုံညီအစည်းအဝေးတွင် ပြောကြားချက်များနှင့်ပတ်သက်၍ ဖြေရှင်းအရေးယူပေးနိုင်ရန် အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ယင်းအစည်းအဝေး၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အစိုးရအဖွဲ့၏ လက်အောက်တွင်ရှိမနေဘဲ တစ်ဖက်အဖွဲ့အစည်းအောက်၌ ရှိနေသည်ဟု ပြောကြားခဲ့ခြင်းအပေါ် တပ်မတော်ဘက်က ထိုသို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်တွေ့ မြေပြင်မှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ လေ့လာကြည့်လို့ရတယ်။ အဲဒီလိုမှမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေမယ့်စိတ်နဲ့ လုပ်တာတော့ မကောင်းဘူးလို့ ပြောချင်တယ်’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းရခြင်းဖြစ်သော်လည်း ကွပ်ကဲမှု၊ အုပ်ချုပ်မှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့တွင် လုပ်ပိုင်ခွင့်အပြည့်ရှိကြောင်း ၎င်းက ပြောဆိုသည်။

‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်-၂၃၂ ပုဒ်မခွဲ(ခ) ပုဒ်မ ခွဲငယ်(၂)အရ ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းတာဖြစ်တယ်။သို့သော် ကွပ်ကဲမှု၊ အုပ်ချုပ်မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီး ကွပ်ကဲမှု၊ အုပ်ချုပ်မှုအစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်’ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၁၆ မှ ၂၂၀ အထိ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ၊ ပုဒ်မ-၂၀၁ ကနေ ပုဒ်မ -၂၁၅ မှာ အကျုံးဝင်သည့် နိုင်ငံတော်သမ္မတ၏လုပ်ပိုင်ခွင့်များတွင် လေ့လာကြည့်လျှင် တွေ့နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက ‘အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကတော့ နံပါတ်တစ်ကတော့ လုံးဝအခြေအမြစ်မရှိဘဲ ဥပဒေနဲ့မညီတဲ့ ပြောကြားချက်လို့ ပြောလိုပါတယ်။ နံပါတ်နှစ်ကတော့ တပ်မတော်အနေနဲ့ အဲဒီလိုအခြေအမြစ်မရှိ ဥပဒေလက်လွတ် ပြောကြားချက်တွေကို ငြင်းဆိုပါတယ်။ ကန့်ကွက်ပါတယ်။ နံပါတ်သုံးအချက်ကတော့ အစိုးရအနေနဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ဝန်ကြီးတစ်ဦးရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့၊ အရေးယူပေးဖို့ တင်ပြသွားမယ်။ ဒီလောက်ပါပဲ’ဟု ပြောကြားခဲ့သည်။သတင်း၊ ဓာတ်ပုံ – မင်းမင်းထွန်း







