ပြည်ထဲရေးဝန်ကြီးသစ်က ရာဇဝတ်မှုများဖော်ထုတ်ဖို့ လူထုအကူအညီ တောင်းဆို

ပြည်ထဲရေးဝန်ကြီးအဖြစ် ဒီကနေ့ တာဝန်ထမ်းဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က သူရင်ဆိုင်ရမယ့် အဓိက အခက်အခဲဟာ တရားဥပဒေစိုးမိုးရေးဖြစ်ပြီး ရာဇဝတ်မှုများ ဖော်ထုတ်ဖို့ဆိုရင် ပြည်သူတွေရဲ့ ကူညီမှု လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။ဝန်ကြီးတာဝန်ထမ်းဆောင်မယ့်  ဒုဗိုလ်ချုပ်ကြီးက  လွှတ်တော်မှာ ကျမ်းသစ္စာကျိန် ဆိုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့က ဘဏ်ဓားပြတိုက်မှုတစ်ခုမှာ တရားခံလို့ယူဆ ရသူကို ခြေရာခံဖမ်းဆီးနိုင်ခဲ့တာဟာ  ဘဏ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက် မှုကြောင့် ဖြစ်တယ်၊ ရာဇဝတ်မှုတွေ အများအပြားရှိတဲ့အတွက် ရအောင်ဖော် ထုတ်ရမယ်လို့  လို့ ဝန်ကြီးသစ်က ပြောပါတယ်။

“အမှုတစ်ခုဖြစ်တိုင်း ဖော်ထုတ်ဖို့ ဆိုတာ ရဲမှာပဲ၊ လုံခြုံရေးလုပ်တဲ့သူမှာပဲ တာဝန်ရှိတာ မဟုတ်ဘူး၊ ပြည်သူလူထုအားလုံးက ဝိုင်းပြီးဆောင်ရွက်မှ ဖော်ထုတ်လို့ရတာ”  ရဲတပ်ဖွဲ့ကို ချုပ်ကိုင်ရတဲ့ ပြည်ထဲရေးဝန်ကြီးရာထူးအတွက် လူရွေးချယ်မှုကို တပ်မတော်က စိတ်ကြိုက်လုပ်ကိုင်နိုင်ပါတယ်။

အစိုးရအဖွဲ့အတွင်း ထိပ်တန်းကျအရေးပါတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက တာဝန်ယူခဲ့တာပါ။   သူ့နေရာကို ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အစားထိုး တာဝန်ယူဖို့ တပ်မတော်က စေလွှတ်ခဲ့တာပါ။သက်တမ်း တစ်နှစ်ကျန်သေးတဲ့ အစိုးရအဖွဲ့အတွင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုင်တွယ်ရမယ့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရဲတပ်ဖွဲ့၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်၊ အကျဉ်းဦးစီးဌာနတို့ ရှိပါတယ်။credit:RFA