ဒေသဖွံ့ဖြိုးရေးကြည့်ရှုရန် ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်သို့ သွားရောက်

ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုရန်အတွက် နိုင်ငံတော်ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့  ရောက်ရှိလာပြီးနောက် ညနေပိုင်း ၃ နာရီတွင် ချင်းပြည်နယ်သို့ ဆက်လက်ထွက်ခွါသွားသည်ဟု သိရသည်။

နိုင်ငံတော်ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများလည်း လိုက်ပါလာကြပြီး  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုကြမည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ကျနော်တို့ နယ်မြေဒေသဖွံ့ဖြိုးရေးပေါ့ ကျနော်တို့ ဆူးဘုံလေယာဉ်ကွင်း ဖောက်တဲ့ ဟာတွေကြည့်မယ်၊ နောက်ဒေသဖွံ့ဖြိုးရေးတွေလှည့်ကြည့်မယ် ကျောင်းတွေ ဆေးရုံတွေ အဲဒါတွေသူတို့လိုအပ်တာတွေ ဖြည့်ဆည်းမှာပေါ့နော်၊ ကျနော်တို့ ဟားခါးဆိုလည်း ကောလိပ်တို့ ကျန်းမာရေးသားဖွားသင်တန်းကျောင်းတို့ ကျန်တဲ့ပညာရေးကောလိပ်တို့ အဲဒါတွေ လိုအပ်ချက်တွေဖြည့်ဆည်းဖို့အတွက်ပေါ့” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

နိုင်ငံတော်ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ယခုလာသည့်ခရီးစဉ်တွင် မြို့နယ် သုံးမြို့နယ်ခန့် သွားရောက်ကြည့်ရှုမည်ဟုသိရပြီး မြို့နယ် (၉) ခုလုံး၏ တင်ပြချက်များနှင့် ဖွံ့ဖြိုးရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဝန်ကြီးကဆက်ပြောသည်။ Photos Kalay IPRD credit: ခိုနူမ်းသုန်သတင်း၊ By လားနွန်