မတူပီမြို့ ချင်းအမျိူးသားနေ့အခမ်းအနား ညပိုင်းတွင်ကျင်းပတော့မည်မဟုတ်

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျရောက်မည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် အခမ်းအနားကို မတူပီမြို့တွင် နေ့ခင်းမှာသာ ကျင်းပမည်ဖြစ်ပြီး ညပိုင်းဖျော်ဖြေရေးအစီစဉ်များ ပါဝင်တော့မည်ဟုတ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ချင်းအမျိူးသားနေ့ကျင်းပတုန်းက ညပိုင်းဖျော်ဖြေရေးအစီစဉ်တွင် မတူပီလူငယ်တစ်စုနှင့် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် မတူပီလူငယ် (၆) ဦး ထောင်ဒဏ် (၄) စီချမှတ်ခံခဲ့ရသည်။

ယင်းဖြစ်ရပ်များကြောင့် မကြာခင်ကျရောက်လာတော့မည့် (၇၂) နှစ်မြောက်ချင်းအမျိူးသားနေ့ ကျင်းပရေးနှင့်ပတ်သက်၍ မတူပီမြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ယခုနှစ် ညပိုင်းတွင်ဖျော်ဖြေရေးအစီစဉ်များကို မကျင်းပတော့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု မတူပီမြို့ ငလားရပ်ကွက်အုပ်ချူပ်ရေးမှူး ကိုစလောင်းကပြောသည်။

“ညပိုင်းမှာတော့ မနှစ်တုန်းက ပြသာနာတက်တယ်လေ အခုက ကလေးတွေလည်း ပခုက္ကူထောင်မှာ ခြောက်ယောက်က (၄) နှစ်ထောင်ချတယ် အဲ့ကြောင့် နေ့ခင်းပိုင်းမှာ အထိမ်းအမှတ်လောက်ပဲလုပ်မယ် ညပိုင်းတော့မလုပ်တော့ဘူး၊ ဒါပေမဲ့ နောက်နောင်မှာ စည်စည်ကားကားနဲ့ ပြန်လုပ်လို့ရပါတယ်၊ ဒါပေမဲ့ ပြင်းတော့ပြင်းထန်လွန်းတယ် ကလေးတွေ ထောင်ချတဲ့ကိစ္စပေါ့နော်” ဟု ကိုစလောင်းကပြောသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကျရောက်တိုင်း ချင်းပြည်နယ်မြို့နယ်အသီးသီးတွင် ချင်းအမျိူးသားနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီး ညပိုင်းအစီစဉ်များတွင် နိုင်ငံတော်အဆိုတော်များ၏ ဖျော်ဖြေမှု၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဆင်နွဲလေ့ရှိကြသည်။

မတူပီမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ကျင်းပသည့် ချင်းအမျိူးသားနေ့ပွဲတော် ညပိုင်းအစီစဉ်တွင် ဒေသခံလူငယ်တစ်ခုနှင့် ရဲတပ်ဖွဲ့ဝင်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပွဲလည်း ဖျက်သိမ်းခဲ့ကြရသည်။ ထို့ကြောင့် ယခုနှစ်တွင် နိုင်ငံကျော်အဆိုတော်များလည်းမခေါ်တော့ပဲ နေ့ခင်းဘက်တွင်သာ ရိုးရာယဉ်ကျေးမှုအကများဖြင့်သာ ကျင်းပတော့မည်ဟု သိရသည်။

မတူပီချင်းလူငယ်အဖွဲ့ ဥပဒေနှင့် ပြန်ကြားရေးတာဝန်ခံ ကိုထန်းကီးက “သူတို့လူကြီးတွေက ပြင်ဆင်တဲ့ဟာတွေ ကျနော်တို့လူငယ်တွေက အရမ်းကြီး ငြင်းခုံသွားလုပ်ရင်လည်း ဖြစ်လာတဲ့ပြသာနာအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိမှ ကိုယ်ကသွားငြင်းလို့ရမှာကိုး၊ အဲဆိုတော့ ကျနော်တို့ အငြင်းခုန်တော့မလုပ်ဘူး၊ ချင်းအမျိုးသားနေ့ ညဘက်မကျင်းပတာတော့ ကျနော်တို့အားမရဘူး၊ မတူပီရဲ့အခြေအနေကလည်း ဌာနဆိုင်ရာက ပြည်သူကိုအရမ်းအနိုင်ယူလွန်းတဲ့ပုံစံ သက်ရောက်တယ် အဲခါကျတော့ကျနော်တို့ ဒီလိုမျိုးမကျင်းပနိုင်တာလည်း

ဌာနဆိုင်ရာတွေကိုယ်တိုင်ကလည်း အထူးသဖြင့် ရဲတပ်ဖွဲ့က နောင်အနာဂတ်မှာ ပြည်သူလူထုအပေါ်မှာ ဘယ်လိုမျိုးစေတနာထားသင့်သလဲဆိုတဲ့အမြင်တွေလည်း နည်းနည်းလေးပွင့်လာမယ်လို့ ကျနော်ယူဆတယ်” ဟု ပြောသည်။ယခုနှစ် မတူပီမြို့တွင် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ နှင့် ၂၀ ရက်နေ့ (၂) ရက် ကျင်းပမည်ဖြစ်ပြီး အားကစားမျိုးစုံ၊ စာပေပြိုင်ပွဲ၊ မျိူးနွယ်အလိုက် ရိုးရာယဉ်ကျေးမှုအကများနှင့် အခြားပြပွဲတွေလည်းပါဝင်မည်ဟု သိရသည်။ credit:လားနွန်