ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၈၇ ဦးနဲ့ ကူးစက်သူ ၆၄၂၄၁ ဦးရှိပြီ

သောကြာနေ့ မနက် နောက်ဆုံးရသတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း  သေဆုံးသူ ၁၄၈၇ ရှိပြီဖြစ်ပြီး ကူးစက်ဖြစ်ပွားနေသူ ၆၄၂၄၁ ဦးရှိပါတယ်။ ကူးစက်ခံခဲ့ရတဲ့ လူနာတွေထဲက ၆၉၇၄ ဦးကတော့ ပြန်လည်ကျန်းမာလာပါပြီ။ အခုအချိန်ထိ တရုတ်ပြည်ပြင်ပမှာ သေဆုံးသူ သုံးဦးပဲရှိပါတယ်။

တရုတ်ကျန်းမာရေးဌာနက ဒီဗိုင်းရပ်စ်ကူးစက်သူတွေကို ဖေါ်ထုတ်ရာမှာ Computerized Tomography (CT scans) ကွန်ပြူတာစနစ်နဲ့ ခန္ဒာကိုယ်အတွင်းက အစိတ်အပိုင်းတွေ ပုံရိပ်ဖေါ်ကြည့်တဲ့နည်းပညာကို ပြောင်းလဲသုံးစွဲခဲ့တဲ့အတွက် အဆုပ်ရောင်ယမ်းတာကို အရင်ကထက် မြန်ဆန်စွာ ကြည့်ရှုအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနည်းသစ်နဲ့ စမ်းသပ်မှုကြောင့် ဗုဒ္ဓဟူးနေ့  တရက်တည်းမှာ ဗိုင်းရပ်စ်ပိုး ထပ်မံ ကူးစက်သူ ၁၄၈၄ဝ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။

ဒီရောဂါစတင်ဖြစ်ပွားချိန်က ကိုင်တွယ်ဆောင်ရွက်ပုံတွေ နှောင့်နှေးခဲ့တယ်ဆိုပြီး လူထုရဲ့ ဝေဖန်ပြစ်တင်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်မှာ တရုတ်အစိုးရက ရောဂါစတင်ဖြစ်ပွားတဲ့ ဟူဘေးပြည်နယ် ဝူဟန်မြို့က ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို မနေ့က ထုတ်ပစ်လိုက်ပါတယ်။ ဝူဟန်အာဏာပိုင်တွေက ဖြစ်ပွားစကာလမှာ ဒီရောဂါပိုးဟာ လူတဦးကနေ နောက်တဦးကို ကူးစက်နိုင်စွမ်း မဆိုသလောက်ပဲရှိပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ တရုတ်အစိုးရက ဒီ ဗိုင်းရပ်စ်ပိုးလေ့လာ တိုက်ဖျက်ရေးမှာ ပါဝင်ကူညီမယ့် အမေရိကန် ဆေးသိပ္ပံပညာရှင်အဖွဲ့ကို တရုတ်ပြည်ဝင်ခွင့်မ ပေးတဲ့အတွက် အမေရိကန်အစိုးရက အင်မတန် စိတ်ပျက်မိကြောင်း မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ ဒီ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အိမ်ဖြူတော် အကြံပေးအရာရှိ Larry Kudlow လယ်ရီ ကဒ်လို ကပြောပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ ဆက်သွယ်ပြောကြားစဉ်ကတော့ တရုတ်သမ္မတက အမေရိကန်အစိုးရရဲ့ အကူအညီကို လက်ခံမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာလှည့်သင်္ဘောတစီးဖြစ်တဲ့ MS Westerdam  ပေါ်က ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း စုစုပေါင်း နှစ်ထောင်ကျော်မှာ ဗိုင်းရပ်စ်ပိုး ပါနိုင်တယ်ဆိုပြီး  ထိုင်း၊ ဂျပန်၊ တိုင်ဝမ်နဲ့ ဂွမ်ကျွန်း အာဏာပိုင်တွေက ဆိုက်ကပ်ခွင့် ငြင်းပယ်လိုက်ပြီးနောက် မနေ့ကတော့ ကမ္ဘောဒီးယားနိုင်ငံက လက်ခံလိုက်ပါပြီ၊ အခု အချိန်အထိ အဲဒီသင်္ဘောပေါ်မှာ ဒီ ဗိုင်းရပ်စ်ကူးစက်သူ မတွေ့ရသေးပါဘူး။

ဒီဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်ပြည်မှာ ဆုံးရှုံးနစ်နာမှု အများဆုံးက Huawei ဟွာဝေး တရုတ်နည်းပညာကုမ္ပဏီ ဖြစ်လိမ့်မယ်လို့ လေ့လာဝေဖန်သူတွေက ပြောပါတယ်။ ရောဂါဖြစ်ပွားတဲ့ လတ်တလောကာလအတွင်း တရုတ်ပြည်တွင်းမှာ  ဟွာဝေး တယ်လီဖုန်း ရောင်းချမှု ၅ဝ% လျော့နည်းသွားခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့ လာမယ့် မတ်လမှာ ဒီရောဂါကူးစက်ဖြစ်ပွါးမှု အဆုံးသတ်သွားခဲ့ရင်တောင် ဈေးကွက်ပုံမှန်ပြန်ဖြစ်ဖို့အတွက် နှစ်လလောက်ကြာမြင့်နိုင်တယ်လို့ Counterpoint Research သုတေသန အဖွဲ့ ကပြောပါတယ်။ credit:RFA/AFP